Sunday, March 29, 2015

မျက်ကွင်းညိုလို့ စိတ်ညစ်နေသူများအတွက်



မျက်ကွင်းညိုလို့ စိတ်ညစ်နေသူများအတွက်

မှန်ထဲကြည့်နေရင်း ကိုယ့်ကိုယ်ကို စိတ်ပျက်လက်ပျက် ဖြစ်လာမိတယ် ။ ဟုတ်တယ်လေ ။ ခုရက် အိပ်ရေးပျက်တာတွေ များပြီးမျက်ကွင်းတွေ ညိုနေကြတာ ကြည့်လို့မှမကောင်းတာကို ။ သွားစရာ လာစရာကိစ္စတွေနဲ့ ရှုပ်နေပြီး ကောင်းကောင်လည်း အိပ်မပျော် ။ မကြာခဏဆိုသလို လန့်လန့်နှိုးနေတော့  အိပ်ရေးကမ၀ချင်တော့ဘူးပေါ့ ။ အိပ်ရေးမ၀တာတွေများတော့ မျက်ကွင်းတွေကလည်း ညိုလာပြီလေ ။ ညိုလာတာက အကြောင်းမဟုတ်ဘူး ။ နောက်သုံးနှစ်ရက်နေရင် တက်ရမယ့်ပွဲအတွက် ဒီမျက်ကွင်းညိုကြီးနဲ့တော့ ဒုက္ခပါပဲ ။ ထိုင်ရမလို ထရမလိုနဲ့ ဘာလုပ်ရမှန်းကို မသိတော့ပါဘူး ။
*သမီးရေ မီးမီးလာတယ်ဟေ့*
အိမ်ရှေ့မှ မေမေလှမ်းပြောသော စကားသံကိုကြားလိုက်ရင် ချက်ချင်းတုံ့ပြန်စကားပြန်ဆိုလိုက်ပါတယ် ။
*ဟုတ်ကဲ့ မေမေ ။ အခန်းထဲ လွှတ်လိုက်မေမေ *
မီးမီးဆိုတာ ကျွန်မအချစ်ဆုံးသူငယ်ချင်းပါ ။ ဖုန်းလေးဘာလေးတောင် မဆက်ပဲရောက်လာပုံအရဆို ကြည့်ရတာ ဘယ်လိုအရေးတော်ပုံတွေ ပေါ်လာပြန်လည်းမသိပါဘူး ။ အတွေးပင်မဆုံးလိုက်ရပဲ အခန်းတံခါးကို တွန်းဝင်လာသော မီးမီးကို တွေ့ရပါပြီ ။
*ဒေါ်မီးမီးတို့ ဖုန်းတွေဘာတွေတောင် မဆက်ပဲ ပေါ်လာတယ်ဆိုတော့ ဘာတွေဖြစ်လာပြန်တုန်း*
*ဘာမှမဖြစ်ပါဘူးဟယ် ။ အန်တီလေးက ဒီနားသူ့အသိအိမ်ကို လိုက်ပို့ခိုင်းလို့ လိုက်ပို့ရင်းနင့်ဆီဝင်ချင်လို့ ၀င်လာလိုက်တာ *
*အော် ။ အေးပါ ။ နင်က ဘာမှမဖြစ်ပေမဲ့ ငါမှာတော့ ဖြစ်နေတယ် *
 *ဟေ ။ ဘာတွေဖြစ်နေလို့တုန်းဟ *
*နောက်ရက်ကို ပွဲတစ်ခုတက်ရမှာကို နင်သိတယ်မလား*
*အေး သိတယ်လေ ။ အဲဒါဘာဖြစ်လို့လဲ *
*အဲဒါက ဘာမှမဖြစ်ဘူးဟေ့ ။ ဖြစ်နေတာက ခုရက်ပိုင်းတွေကို ငါ အိပ်လို့မပျော်တွေဖြစ်ပြီး အိပ်ရေးတွေပျက်နေတာ ။ အိပ်ရေးပျက်တော့ ခုငါ့မျက်ကွင်းတွေက တအားညိုနေတယ်လေ ။ ဒီမျက်ကွင်းညိုကြီးနဲ့ ငါဘယ်လိုပွဲတက်ရမလဲ တွေးပြီးစိတ်ညစ်နေတာ*
*ပြစမ်း ။ ငါသေချာကြည့်မယ် ။ *
ပြောပြောဆိုဆို ကျွန်မမျက်နှာကိုဆွဲပြီး အနီးကပ်ကြည့်ပါတော့တယ် ။
*အေး ။ ဟုတ်သားပဲနော် ။ နင်မျက်ကွင်းတွေ တော်တော်ညိုနေတယ် ။ မိတ်ကပ်နဲ့ဖို့တောင် ရပါ့မလားမသိဘူး ။ နေအုံးဟ ငါခုမှ သတိရတယ် ။ ငါဒေါ်လေးမျက်ကွင်းတွေ ညိုတုန်းက သူအသိပြောတဲ့နည်းကိုလုပ်လိုက်တာ သက်သာသွားတယ် ။ နေအုံး ငါဒေါ်လေးကို ဖုန်းဆက်မေးလိုက်အုံးမယ် ။ ခဏလေး *
မီးမီးတစ်ယောက် သူ့ဒေါ်လေးဆီကို ချက်ချင်းဖုန်းခေါ်နေပါတယ် ။ ဖုန်းဝင်သွားတာနဲ့ သူမမေးချင်တာတွေ မေးနေပါတယ် ။ ဖုန်းပြောပြီးတာနဲ့ ၀င်းပပျော်ရွင်သောမျက်နှာဖြင့်
*ကဲ ဘာမှစိတ်မညစ်နဲ့တော့ အားလုံးအဆင်ပြေသွားပြီလို့မှတ်လိုက် *
*ဘာကို အားလုံး အဆင်ပြေရမှာလဲဟ *
*ဟ ပြေပြီလေ ။ ဒေါ်လေးက နည်းပေးလိုက်တယ် ။ ခဏလေးနဲ့ သက်သာတယ်တဲ့ ။ ဒီတော့ နင်ပူစရာမလိုတော့ဘူးလေ ။ ဟုတ်ဘူးလား *
*ဟုတ်ပါပြီ ။ နင့်ဒေါ်လေးပြောတဲ့ နည်းလေးကို ပြောပြစမ်းပါအုံး*
*နည်းကလွယ်လွယ်လေး ။ လုပ်ရတာလည်း လွယ်တယ် ။ ဒီလိုဟ ။ မျက်ကွင်းညိုရင်
မီးဖိုထဲကအာလူးတစ်လုံးနဲ့တင် ကိစ္စပြီးတယ်ဆိုပဲ ။ အာလူးကိုအခွံနွာပြီး အသားတွေပါးပါးလှီး နုတ်နုတ်စဉ်း ရမယ်တဲ့ ။ပြီးရင်လက်နဲ့ဆုပ်ပြီးအရည်ညှစ်။ပြီးရင်အာလူးဖတ်တွေကို မျက်လုံးတ၀ိုက်မှာ အုံပေးရမယ် ။ ၁၅မိနစ်လောက်တော့ ကြာ အောင်ထားပေးရမယ်။ အဲဒါကို နေ့စဉ် (သို့မဟုတ်) ရက်ခြား ဆိုသလို အုံပေးရင်
မျက်ကွင်းညိုခြင်းကနေ ကင်းဝေးပြီး နင်ပြန်ပြီးလှပသွား ပါလိမ့်မယ်။*
*အယ် လုပ်ရတာလည်း လွယ်ကူလိုက်တာ ။ လုပ်ဆို ခုချက်ချင်းကို ငါလုပ်တော့မယ် ။ လာခဲ့နင်လည်း ကူလုပ်ပေး *
*အေးပါ ။ အေးပါ ။ ကူညီမယ့် ကူညီ အစဆုံးတိုင် ကူညီရတော့မှာပေါ့ဟယ် ။
မျက်ကွင်းညိုခြင်းတွေပျောက်ပြီး လှလှပပလေး ပွဲတက်ရတော့မယ့်အရေး ကြိုတွေးကာ ပျော်ရွင်နေမိပါတော့တယ် ။

ခိုင်လေး ( ရွှေတောင် )


Monday, November 17, 2014

သတ္တိရှိခြင်း ကနေ အားမာန်တွေကို မွေးဖွားယူခဲ့သူ



သတ္တိရှိခြင်း ကနေ အားမာန်တွေကို မွေးဖွားယူခဲ့သူ
ခိုင်လေး ( ရွှေတောင် )

နေ့လည်ခင်းလေး တစ်ခုရဲ့ အမှတ်မထင် တွေ့ဆုံမှုလေးဟာ ခုချိန်ထိ ကျွန်မအသိထဲ စွဲမြဲစွာ ရှိနေခဲ့ရ၏ ။ ဘာကြောင့် စွဲမြဲနေခဲ့သလည်းဆိုရင် လေးစားမှု တစ်ခုကြောင့်ပေါ့ ။ ဘ၀ခရီးတစ်ဆစ်ချိုးမှာ
အကြောင်းကြောင်း တွေကြောင့် မိမိတို့ ကိုယ်လက်အင်္ဂါတစ်ခုခုကို စွန့်လွှတ်လိုက်ရတဲ့
သူတွေမှာ စိတ်ဓာတ်နှစ်မျိုး ရှိနေတတ်ကြတယ် ။ ပထမတစ်မျိုးက မိမိတို့လဲကျမှုကို အားငယ်စွာ လာထူပေးမယ့် သူတွေကို စောင့်မျှော်ကာ ၀မ်းပန်းတနည်း ငိုနေကြတဲ့ လူမျိုး ။ ဒုတိယတစ်မျိုးကကြတော့ မိမိတို့ လဲကျမှုကို ကုန်းရုန်းထပြီး လိုရာပန်းတိုင်ရောက်အောင်အားတင်းလျှောက်လှမ်းတတ်ကြတဲ့ လူမျိုးရယ်ဆိုပြီးနှစ်မျိုးနှစ်စားရှိပါတယ် ။ ကျွန်မ မြင်တွေ့ခဲ့ရတဲ့ လူသားကတော့ ဒုတိယ လူအမျိုးစားထဲမှာ ပါဝင်တဲ့သူတစ်ဦးပေါ့ ။ ထိုသူနဲ့ တွေ့ဆုံခဲ့ရတဲ့ အဖြစ်ပျက်လေးမှာ ယခုအချိန်ထိ ကျွန်မရင်ထဲတွင် အမှတ်တရရှိနေခဲ့ရတယ် ။ အားအင်မဲ့သွားမိချိန်တိုင်း ထိုဆုံတွေ့မှု့လေးအား ပြန်လည်မြင်ယောင် ကာ အားပြန်မွေးမိ၏  

တစ်သက်လုံး ၀ှီးချဲတစ်ခုပေါ်မှာ ဘ၀ကို ကုန်ဆုံးစေရမယ့် လူတစ်ယောက် ဖြစ်လင့်ကစား ဘ၀ပြေးလမ်းပေါ်မှာ ရတဲ့ နည်းနဲ့ လျှောက်လှမ်းနေတဲ့ လူတစ်ယောက်ကို ကျွန်မ မထင်မှတ်ဘဲ တွေ့ဆုံခွင့်ရခဲ့တယ် ။အဲဒီနေ့ကရုံးထဲမှာ အလုပ်လုပ်နေရင်း ဗိုက်ဆာလာတာမို့ တစ်ခုခုဝယ်စားရန် ရုံးရှေ့သို့
ထွက်လာခဲ့မိတယ် ။ အဆင်သင့်တယ်ပြောရမှာပဲ ။ ရုံးရှေ့မှာ ရွှေရင်အေးတွန်းလှည်းကို
တွေ့လိုက်ရ၏ ။ ရွှေရင်အေးသောက်ရန် လှည်းနားသို့ ချဉ်းကပ်လိုက်ချိန် ကျွန်မရင်ကိုထိစေ
တဲ့ မြင်ကွင်းလေးတစ်ခုကို မြင်တွေ့ခွင့်ရခဲ့ပါတယ် ။ ရွှေရင်အေး ရောင်းသူမှာ ဦးလေးကြီးနဲ့
အန်တီကြီး နှစ်ယောက်ပါ ။ ထူးဆန်းနေတာက ဦးလေးကြီးက ၀ှီးချဲလေးပေါ်မှာ ထိုင်ကာ
မုန့်တွေကို ပြင်ပေးနေပါ၏ ။ အန်တီကြီးကတော့ ဘေးကနေ လိုတာလေးတွေလုပ်
ပေးနေတယ် ။တကယ့်ကို မောင်တထမ်းမယ်တစ်ရွက်ပါပဲ ။ တစ်ယောက်နဲ့ တစ်ယောက်
စာနာတဲ့ အကြည့်တွေနဲ့ ကြင်နာမှု အပြုံးတွေကို တန်ဆာဆင်ထားပါသေးတယ် ။ ယော
ကျာင်္းဖြစ်သူကလည်း ငါဒုက္ခိတ ဆိုပြီး ရေသာခို မနေပါ ။ တကယ့်ကို အားမာန်အပြည့်နဲ့ဘ၀ကို အရှုံးမပေးသူတစ်ဦးပါပဲ ။
သူတို့ဇနီးမောင်နှံ အသက်ကို ခန့်မှန်းကြည့်ရမယ်ဆို ငါးဆယ်ကျော်လောက်တော့ ရှိပါလိမ့်မယ် ။ ချစ်ဖို့လွယ်သလောက် တည်မြဲဖို့ မလွယ်သူတဲ့ အနေထားကိုသူတို့ဇနီးမောင်နှံက အံ့တုကာ ချစ်စေမြဲစေ ဆိုတာကို လက်တွေ့ သက်သေတည် နေသလိုပါပဲ ။ ရဲရင့်တဲ့စိတ် အားမာန်အပြည့်နဲ့ ဘ၀ကို ချီတက်နေသူပါ။ ကိုယ်က ခြေတစ်ဖက်မသန်သူဆိုပြီး အားငယ် အလိုမကျမှု ဆိုတာမျိုးတွေ အဲဒီဦးလေးဆီမှာ ရေးရေးမျှ မတွေ့ရပါ။ လေးစားမှုတွေနဲ့ ငေးနေမိတဲ့ ကျွန်မကို အန်တီကြီးက

* သမီးလေး ဘာယူမလဲ *
ဆိုတဲ့ မေးသံကိုကြားလိုက်မှ သတိပြန်ဝင်လာမိပါတယ် ။ စားချင်တဲ့ ရွှေရင်အေးကို မှာလိုက်ပါ၏ ။ လက်ထဲကို မုန့်ပွဲလေးရောက်လာပြီး စာပြီးတဲ့အထိ လှည်းလေးနားက မခွာချင်သေးပေ ။ သူတို့ဇနီးမောင်နှံအကြောင်းကိုသိချင်နေမိ၏ ။ ကျွန်မရင်ထဲကို မြင်သွားဟန်တူတဲ့ အန်တီကြီးက အလိုက်သိစွာ စကားဆိုလာပါတယ် ။


* သမီးလေး ကြည့်ရတာ သမီးဦးလေးကို စိတ်ဝင်စားနေပုံရတယ် *

* ဟုတ် ပါတယ် အန်တီ ။ ဦးလေးက ၀ှီးချဲပေါ်ရောက်နေတာတောင် သူစိတ်တွေက ကြံ့ခိုင်
လိုက်တာနော် *

* ဟုတ်တယ် သမီး ။ ဦးက လွန်ခဲ့တဲ့ ငါးနှစ်လောက်က ကားအက်ဆီးဒင့် တစ်ခုကြောင့် သူ့ခြေထောက် တစ်ဖက်ကို ဖြတ်ပစ်လိုက်ရတယ် ။ ဟိုးအရင်ထဲက သူက ဒီအလုပ်ကို လုပ်ပြီး အန်တီကို အိမ်မှာဘဲ နေခိုင်းခဲ့တာ။ အန်တီတို့မှာ သားသမီးလည်း မရှိဘူး ။ သူဒီလိုဖြစ်သွားတော့ အန်တီအတွက် ရွှေတောင်ကြီး ပြိုသွားသလို ခံစားခဲ့ရတယ် ။ ဒါပေမယ့် အန်တီထင်သလို မဟုတ်ဘဲ သူက အန်တီအတွက် ထာဝရ ရွှေတောင်ကြီးအဖြစ် ရပ်တည်ပြခဲ့တယ်လေ ။သူကပြောတယ် ။ ကောင်းကင်က အပ်တစ်ချောင်းနဲ့ လူ့ပြည်က အပ်တစ်ချောင်း လာရောက်ထိသည်ရှိစေဦး လူ့ဘ၀ကိုရဖို့ကျ ထိုထက်ပင်ခက်ခဲစေတယ်တဲ့ ။ ရခဲတဲ့ လူ့ဘ၀မှာ လူဖြစ်တုန်းမှာ ဒီလောက်အခက်ခဲလေးကို ထိုင်ပြီး စိတ်ညစ်နေဖို့ မလိုဘူးတဲ့လေ။ တက်ကျိုးရင် လက်နဲ့လှော်။ ဒီနေရာရောက် ဒီ က ကွက်နဲ့က ဟိုနေရာရောက်တော့ ဟို က ကွက်နဲ့ က ပေါ့လို့ ပြောပြတယ် ။ သမီး ဦးက သိပ်ကို စိတ်ဓာတ်ခိုင်မာတဲ့ လူတစ်ယောက်လေ*

သူ့မန်းမပြောပြနေသည်ကို ငေးကြည့်နေသည့် ထိုဦးလေးအကြည့်တွေထဲမှာတင် အားမာန့်အပြည့်ပါနေ၏ ။ အခြေအနေက ပေးတဲ့ အသိကို အသုံးချနိုင်တဲ့ အသိဖြစ်အောင် ကြိုးစားပြောင်းလဲနိုင်ခဲ့သူတစ်ဦးပါပဲ ။ ကိုယ်ဘ၀ ချော်လဲမှုကို ရပ်နိုင်အောင် အားမွေးနိုင်သူ တစ်ဦးပါ ။ မိမိကိုယ်မိမိ ယုံကြည်ခြင်းဆိုတာ အောင်မြင်သူအတွက် ပထမဦးဆုံးသော သော့ချက် ကို မိမိရရ ဦးလေးကြီးက အသုံးချတတ်ခဲ့သူတစ်ဦးပေါ့ ။ Courage = သတ္တိရှိခြင်း ကနေ အားမာန်တွေကို မွေးဖွားယူခဲ့သူ ဦးကို လေးစား အတုယူမိပါတယ် ။ အန်တီက လှည်းလေးကို တွန်းပြီး ဦးလေးကနောက်ကနေ ၀ှီးချဲလေး နဲ့ ကိုယ်အားကိုယ်ကိုး ကာလိုက်ပါသွားတဲ့ ဇနီးမောင်နှံရဲ့ လေးစားစရာကောင်းတဲ့ စိတ်ဓာတ် ခိုင်မာမှုတွေကို အကြိမ်ဖန်များစွာ ဦးညွှတ်မိလျက် ရှိပါတော့၏ ။
https://ci3.googleusercontent.com/proxy/8CBWEZYl_gju-O0mEKjDNw0Eh_qIbYUu1oZBKfZqOypmLO1gU9NfBBUnKK5HrwoN-VKG8iQn_PvQpZDlbxq0IwVL9dQOy_HcGJ0=s0-d-e1-ft#https://mail.google.com/mail/u/0/images/cleardot.gif

၇၇ ။ သားသမီးချင်း ကိုယ်ချင်းစာတတ်ကြပါစေ



သားသမီးချင်း ကိုယ်ချင်းစာတတ်ကြပါစေ
ရေးသားသူ = ခိုင်လေး ( ရွှေတောင် )



အလုပ်ကနေ ပြန်လာပြီး facebook ဖွင့်လိုက်ချိန်မှာ ကော်မန့်လေးတစ်ခုကို ဖတ်လိုက်ရတယ် ။ သူများတင်ထားတဲ့ status တစ်ခုအောက်မှာ ရေးထားတဲ့ ကော်မန့်လေးတစ်ခုပါ ။ ဒီကော်မန့်လေးကို  ဖတ်မိရာကနေ အတွေးလေးတွေ ခေါင်းထဲကို ၀င်ရောက်လာခဲ့တယ် ။ ရေးထားတဲ့ ကော်မန့်လေးကတော့ * မိဘဆိုတာ ဘာကြီးဖြစ်နေဖြစ်နေ အမေဟာ အမေ အဖေဟာ အဖေပါပဲ *
တဲ့ ။ ဟုတ်ပါတယ် ။ သားသမီးတွေကို ဆုံးမတဲ့နေရာမှာ သုံးရင်တော့ ဒီစကားဟာ မှန်ကန်သင့်လျော်ပါတယ် ။ ဖြစ်လည်း ဖြစ်သင့်ပါတယ် ။ ဒါပေမယ့် မိဘတွေအနေနဲ့ကတော့ ဒီစကားကိုခုတုံးလုပ်အသုံးချသလို မဖြစ်ဖို့ အလွန် အရေးကြီးပါတယ် ။ ကျွန်မ စာကို နားရှုပ်သွားပြီထင်ပါတယ် ။ ဒီလိုပါ ။ ကျွန်မခုပြောပြချင်တဲ့ အကြောင်းအရာတွေအားလုံးက မိဘတွေကိုစော်ကားဖို့ အပြစ်တင်ဖို့ မဟုတ်ပါဘူး ။ သားသမီးတွေအတွက် မိဘတွေ ဆင်ခြင်နေထိုင်သင့်တာလေးတွေကို ပြောပြချင်တာပါ ။
မိဘတွေအနေနဲ့ ငါမိဘပဲ ။ငါဘာတွေလုပ်နေလုပ်နေ ငါ့သားသမီးတွေက ငါကိုရိုသေမှာပါ ။  ချစ်နေမှာပဲဆိုတဲ့ စိတ်နဲ့ ထင်ရာစိုင်းနေမိရင်တော့ မိဘဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်မှာ ရှိမနေသင့်ဘူးလို့ ထင်မိပါတယ် ။ သားသမီးတွေကို ၀မ်းဝအောင်ကျွေး ၊ ခါးလှအောင်ဆင်နေယုံနဲ့ မိဘလို့ မမည်နိုင်ပါဘူး ။
သားသမီးတွေရဲ့ အနာဂတ် လှပဖို့ ၊ သူတို့လေးတွေ သိက္ခာရှိရှိ ရပ်တည်နိုင်
ဖို့ ကျွန်မတို့မိဘတွေရဲ့ အရိပ်တွေဟာ အေးမြဖို့ လိုအပ်သလို ၊ စင်ကြယ်ဖို့လည်း လိုအပ်ပါတယ် ။ ဘာလို့ ဒီလိုတွေ ပြောနေရတာလဲဆိုရင် ခုလက်ရှိ ကျွန်မနေထိုင်ရာ မလေးရှားနိုင်ငံမှာဆိုရင် အိမ်ထောင်ရှိခြင်း ၊  မရှိခြင်း ၊ အသက်ကြီးခြင်း မကြီးခြင်း ဆိုတာတွေကို ထည့်တွက်မစဉ်းစားတော့ပဲ မိန်းမဖြစ်ရင်ပြီးရော ၊ ယောက်ျားဖြစ်ရင် ပြီးရောဆိုတဲ့ သူတွေအများကြီးအပြား တွေ့မြင်လာရပါတယ် ။ မလေးရှားရောက်နေသူ အားလုံးကို မဆိုးလိုပါဘူး ။ ကျွန်မပြောခဲ့သလို  ဖြစ်နေတဲ့သူတွေကိုတာ ရည်ရွယ်ဆိုလိုပါတယ် ။
မြန်မာပြည်မှာ မိသားစုကျန်နေခဲ့ကြတယ် ။ ဒီရောက်တော့ အပျိုကြီး လူပျိုကြီး ပုံစံနဲ့ ကျန်နေခဲ့တဲ့ မိသားစုတွေကို ခတ္တခဏမေ့ထားကြပါတယ် ။ အဆိုးဆုံးကတော့ အမေအရွယ်လောက်ရှိနေတဲ့ အသက်ခပ်ကြီးကြီး အမျိုးသမီးတွေဟာ ကိုယ့်သားလောက်သာသာ ကောင်လေးတွေနဲ့ စိတ်ပျော်ရွင်ရာကို လိုက်ကာ အတူတူနေထိုင် နေကြတဲ့ မြင်ကွင်းတွေပါပဲ ။ ဒီဖြစ်ရပ်တွေ တကယ်ရှိမရှိဆိုတာ မလေးရှားမှာ လက်ရှိနေထိုင်သူတိုင်း သိနေတဲ့အကြောင်းအရာ အမှန်တရားတစ်ခုပါ ။ ဒီလိုတွဲလို့ တူတူနေလို့ ရှက်ရမှန်းလည်းမသိ ။ ဒါတွေကို ဂုဏ်ယူစွာ ဖော်ထုတ်ကြွားဝါနေတဲ့ သူတွေတောင် ရှိနေပါသေးတယ် ။ ဒီလို စုံတွဲတွေကိုတွေ့တိုင်း ကျွန်မခေါင်းထဲကို အတွေးတစ်ခု အမြဲဝင်ရောက်လာတတ်တယ်  ။ အဲဒါဘာလည်း ဆိုတော့ အသက်ကြီးကြီးအမျိုးသမီးတွေဟာ  သူတို့တွဲနေတဲ့ ကောင်လေးတွေရဲ့ နေရာမှာ သူတို့ရဲ့ ရင်သွေးငယ် သူတို့သားလေးတွေ ဖြစ်နေခဲ့မယ်ဆိုရင် မိဘတစ်ယောက်ရဲ့နေရာကနေ သူတို့ ဘယ်လိုနေကြမလဲ ။  ဘယ်လိုတွေ ခံစားနာကျင်ကြမလဲ ။ သူတို့ တွေးမကြည့်ကြဘူးလား ။
ငါ့သားလေးသာ ငါ့လိုအိမ်ထောင်လည်းရှိနေမယ် ။ငါ့လို အသက်ကလည်းကြီးမယ် ။ အရွယ်ကွာဟမှု တွေလည်း ရှိနေမယ့် အမျိုးသမီးတစ်ဦးနဲ့ ချစ်ကြိုက်ကာ အတူတကွ နေထိုင်နေကြမယ်ဆိုခဲ့ရင် ဘယ်လိုခံစားကြရမလဲ ။ ကံတရားလို့ သတ်မှတ်တွေးပေးနိုင်ပါ့မလား ။ သေချာပါတယ် ။ အနာပေါ် တုတ်ကျသလို နာကြပါလိမ့်မယ် ။ ဒီတော့ သူများသားသမီးကိုလည်း ကိုယ်သားသမီးလို သဘောထားမျိုး ထားပြီး တွေးပေးသင့်ပါတယ် ။ စာနာပေးသင့်ပါတယ် ။ ငယ်သူတွေက ငယ်ရွယ်တဲ့စိတ်နဲ့ ချဉ်းကပ်လာခဲ့ရင်တောင် ကိုယ်အသက်အရွယ် ၊ ကျန်နေခဲ့တဲ့ မိသားစုတွေရဲ့ မျက်နှာကို ထောက်ထားပြီး စိတ်အလိုကို မလိုက်ဘဲ ဆင်ခြင်သင့်ပါတယ် ။
အမျိုးသမီးက အသက်ကြီးကြီး ၊ အမျိုးသားက အသက်ငယ်ငယ်စုံတွဲတွေကို မလေးရှားမှာ တွေ့တိုင်း ငါသားလေးသာ ဆိုတဲ့ အတွေးက အမြဲရောက်လာတတ်တယ် ။ ငါသားလေးသာဆို ငါရင်ကွဲပြီဆိုတဲ့ အတွေးကလည်း ထပ်ဆင့်ပါလာတတ်ပြန်တယ် ။ နတ်သျှင်ထောင်နဲ့ ဓာတုကလျာ ဆိုတာတွေ ကျွန်မ မသိချင်ဘူး ။ ကျွန်မသိတာ မိခင်တစ်ယောက်ရဲ့ စိတ် ။ ငါသားလေး သာဆိုရင် ဆိုတဲ့အတွေး ။ တော်ယုံ လေး ငါးနှစ်လောက် ကွာနေတာမျိုးဆိုလည်း မပြောလိုပါဘူး ။ နောက်ဆုံး အသက်ကွာတယ်ပဲ ထားပါအုံး အမျိုးသား အမျိုးသမီး နှစ်ဦးစလုံးက လွတ်လပ်သူ အပျို လူပျိုဆိုရင်လည်း မပြောလိုပါဘူး ။ ခုဟာတွေက အသက်အရွယ်တွေက အမေနဲ့သားလောက် ။ လွတ်လွတ်လပ်လပ်တွေလား ဆိုတော့လည်း  မဟုတ်ကြပြန်ဘူး ။ အိမ်ထောင်တွေရှိနေရက်နဲ့ ဖောက်ပြန်နေကြတာမျိုးပါ ။
နောက်တစ်ချက် ကိုယ်လုပ်လိုက်တဲ့ လုပ်ရပ်တွေရဲ့ အကျိုးသက်ရောက်မှုတိုင်းဟာ ကိုယ်သားသမီးတွေပေါ်မှာ တိုက်ရိုက် အချိုးကျရိုက်ခတ်တတ်တယ်ဆိုတာကို မိဘဆိုတဲ့ လုသားတိုင်း သတိရှိစေချင်တယ် ။
ဆရာမကြီး လုပ်နေတာလဲ မဟုတ်ပါဘူး ။ မကြာခဏတွေ့နေရတဲ့ မြင်ကွင်းတွေကိုမတွေ့ချင် မမြင်ချင် မဖြစ်စေချင်တဲ့ စေတနာပါ ။  ငါမိဘ ပဲ ။ ငါလုပ်ချင်တာလုပ်မယ်ဆိုတဲ့ အတွေးမျိုး ကျွန်မတို့ မိဘတွေရဲ့ခေါင်းထဲမှာ လုံးဝ ရှိမနေသင့်ပါဘူး ။ကျွန်မအတွက်ကတော့ ကျွန်မကလေးတွေ စိတ်အားငယ်မှာ စိတ်ပျက်မှာကို သိပ်ဆိုးတယ် ။ သားနဲ့ သမီးဟာ ကျွန်မဘ၀ပါပဲ ။ သူတို့ရှေ့ဆက်ရမယ့် လမ်းတစ်လျှောက်လုံး အမေဆိုတာ သူတို့အတွက် လုံခြုံစိတ်ချရတဲ့ ရင်ခွင်တစ်ခု ။ လေးစားချစ်ခင်ရမယ့် လူတစ်ယောက် အဖြစ်ပဲ မြင်စေချင်တယ် ။ ဒီလိုမြင်ဖို့အတွက် အမိန့်တွေ အာဏာတွေသုံးပြီး မြင်တာထက် သူတို့စိတ်ထဲက အလိုအလျောက်ဖြစ်တည်လာတဲ့ လေးစားချစ်ခင်ခြင်းကိုပဲ ကျွန်မလိုချင်တယ် ။ ဒီအတွက် လုပ်ရပ်တိုင်းကိုသိက္ခာရှိရှိပဲ ဖြတ်သန်းခဲ့တယ် ။ မိဘတွေအပေါ် ကျွန်မဆိုးချင်ဆိုးခဲ့မယ် ။ ဒါပေမဲ့ သားနဲ့ သမီးအတွက်တော့ မိခင်ဆိုးတစ်ယောက် ဘယ်တော့မှာ အဖြစ်မခံနိုင်ပါဘူး ။
ခုရေးခဲ့တဲ့ အကြောင်းအရာလေးက မလေးရှားရောက် မြန်မာတို့ရဲ့ အခြေအနေ အစိတ်အပိုင်းလေးတစ်ခုပါ ။ ဒီစာလေးရဲ့ ပေးချင်တဲ့ massage က အိမ်ထောင်ရှိသူတွေ ဖောက်ပြန်ခြင်းကင်းစေချင်တယ် ။ အိမ်ထောင်ကျပြီးသူတိုင်းဟာ သားသမီးရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ မိခင်စိတ်ရှိနေကြပါပြီ ။ မိခင်စိတ်ရှိနေသူတွေမို့ သားသမီးချင်း စာနာတွေးတတ်စေချင်တယ် ။ ကိုယ်အခွင့်ရေး ကိုယ်ပျော်ရွင်မှု့အတွက် စိတ်ကြိုက်နေခွင့်လုပ်ခွင့်ရှိတယ်ဆိုသော်လည်း ကိုယ်ရဲ့ ပျော်ရွင်မှု့ဟာ တပါးသူတွေကို အနှောင့်ယှက် မဖြစ်စေဖို့တော့ လိုအပ်ပြန်တယ် ။ လောကမှာ ကိုယ်လုပ်လို့ ကိုယ်တစ်ဦးတည်းခံရတယ်ဆိုတာ မရှိပါဘူး ။ မိသားစုဆိုတာ ရှိနေတဲ့ အတွက် ကိုယ်တစ်မိသားစုလုံး ခံစားနာကျင်ကြရပါတယ် ။ ဒါကြောင့် သားသမီးချင်း ကိုယ်ချင်းစာ ပေးတတ်စေချင်တယ် ။ စီးပွားရေး အခြေနေအရသာ နိုင်ငံခြားရပ်ခြားမှာ  မိမိတို့ရဲ့သားသမီးတွေကို ပို့ထားကြပေမယ့် မိဘတွေရဲ့ ရင်ထဲမှာ အမြဲတမ်းပူပန် စိတ်မချဖြစ်နေကြရတာပါ ။
ဒီတော့သားသမီးချင်း စာနာပေးကြပါ ။ ဖောက်ပြန်ခြင်းတွေ ကင်းစေနိုင်ပါစေ။ မိဘတိုင်း မိဘတိုင်း သားသမီးတွေအတွက် သိက္ခာရှိစွာ ရပ်တည်ပေးနိုင်ကြပါစေ ။ သားသမီးရှိသူတိုင်း သားသမီးချင်း စာနာတတ်ပါစေ လို့ ဆုတောင်းရင်း အဆုံးသတ်ချင်ပါတယ် ။ မည်သူတစ်စုံတစ်ယောက်ကိုမှ ထိခိုက်စော်ကားလိုခြင်းအလျဉ်းမရှိစွာ စေတနာကိုသာ အရင်းခံ၍သာ ရေးသားလိုက်ရပါတော့၏ ။


ခိုင်လေး၏ အမှတ်ရစရာ မှတ်တိုင်လေးတွေပါ ။

လူတိုင်းလူတိုင်းမှာ ဘ၀အတွက် အမှတ်ရစရာ အမှတ်သားလေးတွေ ရှိတတ်ကြပါတယ် ။ ခိုင်လေးမှာလည်း အမှတ်ရနေစရာ မှတ်တိုင်လေးတွေ ရှိတာပေါ့ ။ ခိုင်လေး၏ အမှတ်ရစရာ မှတ်တိုင်လေးတွေပါ ။









Thursday, October 30, 2014

၂ ။ မျက်နှာမဲကြီးမှ ဖြူဖွေး နူးညံ့ မျက်နှာလေးဆီသို့




၂ ။ မျက်နှာမဲကြီးမှ ဖြူဖွေး နူးညံ့ မျက်နှာလေးဆီသို့

ရေးသားသူ = ခိုင်လေး ( ရွှေတောင် )

ခုတစ်လောထွက်လိုက်ရတဲ့ အပြင် ။ စီးလိုက်ရတဲ့ ဆိုက်ကယ် ။ ကျန်တဲ့ ခန္ဓာကိုယ်အစိတ်ပိုင်းနေရာတွေကို ဘောင်းဘီရှည် ၊ အကျီင်္လက်ရှည်တွေ ၀တ်ပြီး ကာကွယ်လို့ရပေမယ့် မျက်နှာအစိတ်ပိုင်းကိုတော့ ဘယ်လိုမှ ကာကွယ်လို့မရနိုင်ဘူး ။ ဆိုက်ကယ်ဦးထုပ်ကို မှန်ကာချထားပေမယ့် အပြည့်ဝတော့ အကာကွယ် မပေးနိုင်ခဲ့ပါဘူး ။ အလိုလိုမှ အညှိရောင်သန်းချင်နေတဲ့ အသားအရေက ခုတော့ မဲချင်နေပါပြီ ။ အပြင်ကပြန်လာတိုင်း မှန်ကြည့်မိပြီဆိုတာနဲ့ မျက်နှာမဲကြီးကိုမြင်ရတာ သိပ်ကို စိတ်ပျက်စရာကောင်းလှပါ တယ် ။ မျက်နှာလိမ်းခရမ်တွေကလည်း ကိုယ်နဲ့တည့်မတည့် အဆင်ပြေ မပြေ စမ်းလိမ်းနေရတာနဲ့ စိတ်မရှည်ချင်ဘူး ။
ဒါဆိုအပြင်မထွက်ဘဲ နေရမလား ။ ဒါလည်း အဆင်မပြေပြန်ဘူး ။ ဘာလို့လဲဆို အမျိုးသားကို နေ့တိုင်းထမင်းပို့ရတာမို့ ဘယ်လိုမှ အပြင်မထွက်ဘဲ နေလို့မရပါဘူး ။ ကိုယ်မျက်နှာကို မြင်တိုင်း စိတ်ဆင်းရဲတာကလည်း အလှမက်သူ ကျွန်မအတွက် စိတ်ဒုက္ခကြီးစွာ ခံစားနေရပါတယ် ။ ဘယ်သူမဆို လူတစ်ယောက်ကို တွေ့ပြီးဆိုတာနဲ့ အရင်ဆုံးကြည့်မိတာက မျက်နှာလေ ။ ကိုယ်မျက်နှာလေးက မွတ်နေအောင် ချောမနေရင်တောင် အနာဆာကင်းကင်းလေးနဲ့ ရှင်းသန့်နေဖို့တော့ လိုအပ်တာပေါ့ရှင် ။ ခုတော့ မျက်နှာမဲကြီး ။
ကိုယ်တိုင်စိတ်ညစ်နေတာကို တစ်ယောက်တည်း မခံစားဘဲ အမျိုးသားကိုပါ နားပူအောင် ပြောပြောနေမိတယ် ။ သူလည်း နားထောင်ယုံမှ တပါး ဘာလုပ်ပေးတတ်မလဲ ။ ဒီလိုနဲ့ ကိုယ်မျက်နှာကို ကြည့်တိုင်းစိတ်ဆင်းရဲနေရတဲ့ ဝေဒနာကို ခံစားရင်းရက်တွေကို ဖြတ်ကျော်လာလိုက်တာ တစ်နေ့မှာတော့ ကွန်ပြုတာသုံးနေတဲ့ အမျိုးသားက ……….
*မိန်းမရေ မင်းအတွက် နည်းလမ်းကောင်းလေး တစ်ခုတွေ့ပြီဟေ့ ။ ငါလည်း နားမပူရတော့ဘူး ။*
*ရှင် ဘာတွေ ပြောနေတာလည်း *
*ခဏလေး မောင်ပြီးအောင်ဖတ်လိုက်အုံးမယ် ။ ပြီးရင် ပြောပြမယ် *
သူစာဖတ်တာကို ဘေးမှာထိုင်စောင့်ရင်း * ဒီလူဘာတွေ ပြောနေပါလိမ့်* ဟုတွေးနေမိတယ် ။ ခဏကြာတော့ ကွန်ပြူကို ပြူးကြည့်နေရာကနေ ကျွန်မထိုင်နေရာဘက်သို့ လှည့်လာပါတယ် ။
*ကဲရပြီ မိန်းမရေ ။ ပြောပြမယ် ။ သေချာနားထောင်နော် ။ မင်းမျက်နှာမဲလေးကို ပြန်ပြီးဖြူချင်နေတယ်မလား *
*အင်း *
*ဟုတ်ပြီ။ နည်းလမ်းရပြီ ။ သေချာ လိုက်မှတ်နော် ။ *
*အင်းပါ ။ စကားပလင်ခံနေတာနဲ့ စိတ်မရှည်တော့ဘူးနော် *
* မိန်းမကလည်း စိတ်ချည်းပဲ ။ ပြောပြမယ် ။ လုပ်ရမှာက လွယ်တယ် ။ သကြားရှိရင် ရတယ်ကွ ။ လုပ်ရမယ့် နည်းလမ်းက နေ့တိုင်း ညမအိပ်ခင် တစ်နာရီလောက်မှာ မင်းမျက်နှာကို ရေနွေး ခပ်နွေးနွေးလေးနဲ့ မျက်နှာသစ်ရမယ် ။ မျက်နှာသစ်တဲ့နေရာ သုံးတဲ့ မျက်နှာသစ်ဆပ်ပြာကို facial foam တစ်ခုခုနဲ့ သစ်ရမယ်နော် ။ မျက်နှာသစ်ပြီးရင် ၁၅မိနစ်လောက် ရေမသုတ်ဘဲနေရမယ် ။မျက်နှာသစ်ပြီးတာနဲ့ လုပ်ရမှာက သကြားလေးတွေကို မျက်နှာပေါ်မှာ ညင်သာစွာ ပွတ်လိမ်းပေးရမယ်တဲ့ ။ တစ်ခုရှိတာက အဲဒီသကြားက အပွင့်သေးသေးလေးတွေကို ရွေးရင် ပိုကောင်းတယ် ။ အဲဒီလို သကြားတွေ ပျော်သွားပြီး ချွဲလာသည်အထိ ၁၅ မိနစ်လောက် ညင်ညင်သာသာလေးမျက်နှာ အနှံ့ကို ပွတ်နယ်ပေးနေရမယ် ။ပြီးရင် နာရီဝက်လောက်ထားလိုက် ။ နာရီဝက်ပြည့်ပြီဆိုရင်တော့ ရေနွေးခပ်နွေးနွေးလေးနဲ့ ဆေးလိုက်လို့ရပြီ ။ ပြီးရင် မျက်နှာသုတ်ပုဝါနုနုလေးနဲ့ မျက်နှာကို ဖိဖိပြီး ရေခြောက်အောင် လုပ်ရမယ် ။ အထူးသတိပြုသင့်တာက မျက်နှာကို ရေသုတ်ရင် မျက်နှာသုတ်ပုဝါကြီးနဲ့ အတင်းပွတ်သုပ်တာမျိုး မလုပ်ရဘူးတဲ့ ။ တစ်နေ့ကို နှစ်ကြိမ်လောက် လုပ်နိုင်ရင်ပိုကောင်းသတဲ့ ။ မနက်တစ်ကြိမ် ၊ ညတစ်ကြိမ် ပေါ့ ။ သုံးပတ်လောက် ဆက်တိုက်လုပ်ရင် မိန်းမမျက်နှာလေး နူးညံ့ဖြူဝင်းလာလိမ့်မယ် ။ တကယ်တော့ သကြားဆိုတာ ကာဗွန် တမျိုးပဲလေ ။ သကြားမှာ ကာဗွန်ရဲ့ သဘောအတိုင်း အညစ်အကြေး၊ အနံ့အသက်တွေ ကို စုပ်ယူ တတ်တဲ့ သဘာဝ ရှိတယ်လို့ ရေးထားတယ် ။ မျက်နှာပြင်အောက်က အညစ်အကြေး၊ အနံ့အသက်တွေကို သကြားက စုပ်ယူနိုင်စွမ်းရှိတယ်တဲ့ ။ နောက်ပြီး မျက်နှာပြင်အောက်မှာ ရှိတဲ့ ဆားဝက်ခြံ၊ တင်းတိတ်၊ အရေပြား တွန့်တာ၊ မျက်ရစ်ကျတာ၊ အသားတွဲ တာ၊ ချွေးပေါက်တွေ ကျယ်ပြီး ကြီးတာ၊ အဆီအမြဲပျံနေတတ်တာ၊ မျက်နှာပြင်ခြောက်သွေ့ပြီး မျက်နှာက တင်းတင်းရင်းရင်း မရှိဘဲ ကျနေတာမျိုး တွေကို သကြားရဲ့ ဓာတ်က ပြုပြင် စုပ်ယူသွားမှာဖြစ်တယ်လို့ ပြင်သစ်နိုင်ငံထုတ် မဂ္ဂဇင်း တစောင်ရဲ့ အလှတရားရဲ့ လျှို့ဝှက်ချက်များမှာ ရေးထားတယ်လို့  ခု မောင်ဖတ်လိုက်တဲ့ စာထဲမှာ ရေးထားတယ် ။*

အမျိုးသားက စကားအရှည်ကြီးကို ပြောပြသွားရတာ မောသွားဟန်တူတယ် ။ ရေခဲသေတ္တာထဲက ရေယူသောက်နေပါ၏ ။ ကျွန်မလည်း သူပြောပြသွားတာလေးကို လက်တွေ့အကောင်ထည်ဖော်ဖို့အတွက် မီးဖိုခန်းထဲရှိ သကြားဗူးလေးရှိရာဆီသို့ ချီတက်လာရင်း မျက်နှာမဲကြီးမှ ဖြူဖွေး နူးညံ့ မျက်နှာလေး ပိုင်ဆိုင်ရတော့မယ်ဆိုသော အတွေးလေးဖြင့် ကြည်နူးစွာ  ပြုံးလိုက်မိပါတော့၏ ။