Friday, August 29, 2014

ဘလော့ဂ်ဒေးအမှတ်တရ အသစ်ရေးထားတဲ့ ၀ထ္ထုလေးပါ ။



စိတ်တွေကို အကျဉ်းချထားကြလေသလား

ရှိသမျှအထီးကျန်ခြင်းတွေအားလုံး ကျွန်မတစ်ယောက်တည်းဆီ ဦးတည် ရောက်ရှိနေသလားလို့ ထင်ယောင်ထင်မှား ဖြစ်နေမိတယ် ။ ဘုရား ဘုရား မဟုတ်ပါစေနဲ့ ။ ပြီးပြည့်စုံသူတစ်ယောက်လို့ သတ်မှတ်ခံထားရတဲ့ မိန်းကလေးတစ်ယောက်ဆီမှာ လူတွေမသိ နိုင်တဲ့ ခံစားနာကျင်ခြင်းတွေ ရှိနေခဲ့တယ်ဆို ဘာပြောကြမလဲဟင် ။ ဟုတ်တယ် ။ အလိုမကျခြင်းတွေက ကျွန်မစိတ်ကို အမြဲစိုးမိုးနေခဲ့တယ် ။ လူတစ်ယောက်ဟာ တစ်နေ့ကို ထမင်းနှစ်နပ်စားရဖို့ ကြိုးစားရှာဖွေကြတယ် ။ အဲဒီထမင်းနှစ်နပ်ကို စားရပြန်တော့လည်း စိတ်ချမ်းမြေ့ ၊ ကျေနပ်စွာ စားနိုင်ကြရဲ့လားလို့ တွေးတတ်တဲ့အချိန်ကစပြီး အလိုမကျခြင်းများစွာဟာ ကျွန်မဘထဲကို တစစ တိုးဝင်လာခဲ့ပါတော့တယ် ။
မိုးလင်းတာနဲ့ အိပ်ယာကထ ။ ကျောင်းသွားဖို့ပြင်ဆင်ရတယ် ။ ပြီးရင် ကျောင်းသွား ။ ကျောင်းကပြန်ရင် စာကျက် ။ ညရောက်ပြန်တော့ အိပ် ။ ဒီအချိန်ဇယားတွေအောက်မှာ ကျွန်မစိတ်တွေ အကျဉ်းကျနေခဲ့တာ ကြာခဲ့ပေါ့ ။ ဘယ်သူတွေကများ ကျွန်မစိတ်ကို နားလည်အောင် ကြိုးစားပေးခဲ့ဘူးလဲ  ။ အပြင်ပန်း ကြည့်ုရင် အပြစ်ဆိုဖွယ်မရှိအောင်  ပြည့်စုံနေသူ မိန်းကလေးတစ်ဦးမှာ လူတွေ မသိနိုင်တဲ့ ခံစား နာကျင်ခြင်းတွေ အများကြီး ပြည့်နှက်နေသူဆိုတာ ဘယ်သူမှ မသိကြပါဘူး ။
အိပ်ယာက နိုးပြီဆိုတာနဲ့ ကျောင်းသွားဖို့ ပြင်ဆင်ရတယ် ။ အိမ်ထိန်း အန်တီကြီးပြင်ဆင်ပေးတဲ့ မနက်စာကိုစား ။  အဆင်သင့် ထည်ပေးထားလိုက်တဲ့ ထမင်းဘူးကိုယူ ။ အဆင်သင့်စောင့်နေတဲ့ ဒရိုင်ဘာ ဘဘကြီး မောင်းပို့တဲ့ကားလေးကိုစီး ။ ကျောင်းဆိုသော နေရာကို သွား ။ ကျောင်းရောက်ပြန်တော့ စာသင် ။ ဒီလိုအဆင်သင့်ဆိုတာတွေ ဖန်တီးပေးထားတတ်ပေမဲ့  ကျွန်မစိတ်တွေက တက်ကြွလန်းဆန်းဖို့ ဘယ်တုန်းကမှ အဆင်သင့်ဖြစ်အနေခဲ့ဘူး ။ ဖေဖေကိုယ်တိုင် ကျောင်းလိုက်ပို့တာ မကြုံခဲ့ဘူးဘူး ။ မေမေကိုယ်တိုင် ခွံ့ကျွေးတဲ့ထမင်းကို မစားခဲ့ရဘူး ။
 မကျေနပ်မှု့ခြင်းတွေ ပြည့်နှက်နေတဲ့ ကျွန်မစိတ်တွေကို စာကျက်ခြင်းဆိုတဲ့ အရာနဲ့ ထွက်ပေါက်ပေးထားခဲ့တယ် ။အဲဒီအတွက် ရလာဒ်က ကျွန်မစာတော်တဲ့ ကျောင်းသူတစ်ဦး ဖြစ်လာခဲ့တယ် ။ တခါခါ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ဖြစ်တယ် ။ လူရယ်လို့ဖြစ်လာရခြင်းဟာ ဘာအတွက်များလည်းလို့ ။ စိတ်ထဲရှိသည့်အတိုင်း ဖြစ်ခွင့်မရခြင်းဟာ အတိတ်ဘ၀ရဲ့ ၀ဋ်ကြွေးတွေ များလား ။ နေ့စဉ် ရှင်သန်နေရသည့် နေ့ရက်တွေထဲ ကျွန်မအတွက် အဓိက လူသားနှစ်ဦး ဘယ်ဆီကိုများရောက်နေခဲ့လဲ။
လူရယ်လို့ ဖြစ်တည်စေဖို့  အဖေ အမေ ဆိုတဲ့လူသားနှစ်ဦး လူတိုင်းမှာ ရှိကြမှာပါ ကျွန်မမှာလည်း ထိုလူသားနှစ်ဦး ရှိတာပေါ့ ထိုလူသားနှစ်ဦး မရှိဘဲ လောကကြီးထဲကို ဘယ်လိုမှ ရောက်လာနိုင်စရာ အကြောင်း မရှိဘူးလေ ကျွန်မ အဆင်သင့်စားဖို့ အေးချမ်းစွာ ပညာသင်ကြားဖို့အတွက် လိုအပ်ချက်မရှိအောင် ဖြည့်ဆီးပေးခဲ့ကြတာလည်း ထိုသူနှစ်ဦးပါပဲ ဒါပေမယ့် ကျွန်မ အလိုချင်ဆုံး အတောင်းတဆုံးဖြစ်သည့် ထိုသူနှစ်ဦးတွေရဲ့ ဂရုစိုက် ကြင်နာခြင်းတွေကိုတော့ ပေးဖို့မေ့နေကြတယ် ကျွန်မအတွက် ပေးစရာ အချိန်မရှိအောင် နှစ်ဦးစလုံး  အချိန်ဆင်းရဲကြတယ်လေ
သူတို့ရဲ့ ပိုလျှံချိန်တွေကို  ၀ါသနာပါရာ လောင်းကစားမှာဘဲ အချိန်ကုန်စေခဲ့ကြတယ် ကျွန်မ အတွက်ပေးရမယ့် အချိန်တွေအားလုံးကို  လောင်းကစားဆိုသည့် အရာကြီးက  ခိုးယူသွားခဲ့တယ် လောကမှာ ရှိကြတဲ့ သားသမီးတိုင်း ပိုင်ဆိုင်ခွင့်ရထားတဲ့ မိဘရဲ့ ဂရုစိုက် ကြင်နာခြင်းဆိုတာတွေကို ကျွန်မကြမှ ဘာလို့ ပိုင်ဆိုင်ခွင့် မရခဲ့ရတာလဲ မိဘတွေရဲ့ မေတ္တာကို ဘာကြောင့်များ အပြည့်ဝ ပိုင်ဆိုင်ခွင့်မရခဲ့တာလည်း တစ်ခြားကလေးများနည်းတူ မေမေခွံ့ကျွေးသော ထမင်းကိုစားချင်တယ် ကျောင်းအပြန်ခရီးမှာ ဖေဖေ နဲ့ ရယ်စရာတွေ ပြောချင်တယ် ဖေဖေကိုယ်တိုင် လာကြိုတာကို လိုချင်တယ် ဒါတွေဟာ ကျွန်မကျောင်းနေစအရွယ်ကတည်းက လိုချင်ခဲ့တဲ့ တမ်းတခြင်းတွေပါ ဒါပေမဲ့ ထိုအရာတွေ ကျွန်မဆီကို ဘယ်တုန်းကမှ ရောက်မလာခဲ့ဘူး ။ဖြစ်ချင်တာတွေ ဖြစ်ခွင့်မရတဲ့အခါ အရွယ်နဲ့ မလိုက်အောင် ခံစားနာကျင်ခဲ့ရတယ် ။ဒီလိုအချိန်တိုင်း  ကျွန်မ အရူးမူး မျှော်လင့်မိတာက ဖေဖေ  မေမေတို့ရဲ့ ဂရုစိုက်ကြင်နာခြင်းတွေပါပဲ ဒါပေမယ့် ခုချိန်ထိ ထိုအရာတွေဟာ  ကျွန်မနဲ့ လာလားမျှ မသက်ဆိုင်သလို ရှိနေဆဲပါ
ဒီလိုဘ၀ထဲ နေသားတကျရှိနေရင်း ဘ၀တစ်ဆစ်ချိုးပြောင်းလဲပေးမယ့်  ဆယ်တန်းကိုပင် ရောက်ခဲ့လေပြီ ဆယ်တန်းဆိုတာ ကျောင်းသား ကျောင်းသူတိုင်းအတွက်လည်း မျှော်လင့်ချက် ဘ၀ခရီးကို အဆုံးဖြတ်ပေးမယ့် အတန်းဆိုတာ လူတိုင်း အသိပါ မသိသူတွေက ကျွန်မ ဖေဖေ နဲ့ မေမေ ကျွန်မဘ၀မှာ ထွေထွေထူးထူး ဘာမှ လုပ်စရာ မရှိတာမို့  အချိန်ပြည့် စာကျက်ခြင်းဖြင့် အချိန်ကုန်ဆုံးစေခဲ့တယ် စိတ်ဆင်းရဲ ရမယ့် အကြောင်းအရာတွေ ခေါင်းထဲ ရောက်လာခဲ့လျှင်လည်း စာထကျက်ပြစ်တယ် ဖြစ်ချင်တာတွေ မဖြစ်ရကောင်းလားလို့ ပူဆွေးနေမယ့် အချိန်မှာလည်း စာကျက်လိုက်တာပဲ  ဒီလိုမေ့ဖို့ကြိုးစားနေမိပေမဲ့ စိတ်ဒဏ်ရာတွေကတော့ ကင်ဆာအမြစ်ပွားသလို တဖြေးဖြေး တိုးပွားနေခဲ့ပါတယ် ကျွန်မ စိတ်တွေ ချို့ယွင်းပျက်ဆီးနေကြပြီ တခါခါတော့လည်း တွေးမိပြန်တယ်။ ကျွန်မစိတ်တွေကို သူတို့နှစ်ဦး အကျဉ်းချထားကြလေသလားလို့
ကျွန်မမိဘတွေ ဘာတွေလုပ်နေကြလဲ သူတို့ မအားကြဘူး ။ဟုတ်တယ် လုံးဝ မအားကြပါဘူး ဖေဖေ နဲ့ မေမေ စီးပွားရှာတယ် ဒီထက်အချိန်ပိုလာရင် ဖဲရိုက်တယ် ကျွန်မအတွက် ပေးရမည့် အချိန်ပိုတွေအားလုံးကို ဖဲရိုက်ခြင်း၌သာ အချိန်ကုန်ပစ်ကြတယ် ဖဲရိုက်ခြင်းလောင်းကစားကို ဖေဖေ နဲ့ မေမေ သိပ်ကိုခုံမင်နှစ်သက်ကြသူတွေပေါ့ ကျွန်မ အတ္တကြီးစွာ တောင်းဆိုနေခြင်းမျိုး မဟုတ်ရပါဘူး မိဘရယ်လို့ ဖြစ်လာပြီဆို သားသမီးအတွက် အချိန်ဆိုတာ ပေးကိုပေးနိုင်ရမှာပေါ့ ခုတော့ ဒီလိုမဟုတ်ဘူး ဖေဖေ လို့ တစ်ခွန်းခေါ်လိုက်တာနဲ့ ဘာပြောချင်လည်းဆိုတာကို မမေး သမီးပိုက်ဆံလိုနေလား ရော့ဆိုတာမျိုးဖြစ် စကားပိတ်လုပ်ပြစ်ခဲ့တတ်တဲ့ အကြိမ်အရေတွက်က မနည်း မေမေ ခေါ်လိုက်သည်နှင့် သမီး ဘာလုပ်ချင်လို့လည်း ဒေါ်ကြီးကို ခိုင်းလေဆိုသည်က တစ်ဖုံ
 ကျွန်မစာကြိုးစားခြင်းအတွက် ရရှိလာတဲ့ ထူးချွန်မှု့တွေကို ဂုဏ်ပြူပေးတဲ့ ပညာရည်ချွန်ဆုပေးပွဲအခမ်းနားတွေမှာ အဖေ အမေဆိုသည့် လူသားနှစ်ဦး ပါဝင်ဆင်နွဲခဲ့ခြင်း မရှိ ပြန်တွေးတိုင်း အခါခါ ရင်နာနေရသူက   အဖြစ်ကနေ တဆင့်တက်ကာ လောကကြီးကို အကောင်းမမြင်ချင်တော့ဘူး  နာကြင်ခြင်းတွေက နာကျည်းခြင်း အဖြစ်သို့ ပြောင်းလဲပေးစေခဲ့ပါပြီ   နာကျည်းခြင်းတွေက တစ်ဆင့်တိုးလို့ အကုသိုလ်ငရဲတွေကိုပါ ထပ်ဆင့်ပေးနေကြလေ၏ မိဘ ဆိုတာ နာကျည်းဖို့မှ မဟုတ်တာပဲ မိဘကို ချစ်ခင်မြတ်နိုး အားကိုးယုံကြည်ရမည်ဆိုတာကို အသိစိတ်က သိနေပေမယ့် မသိစိတ်က လက်မခံနိုင်ဘူးဖြစ်နေပြန်တယ်
 အချိန်တိုင်းနီးပါး  အိမ်မှာရှိနေတတ်တဲ့ ဖဲဝိုင်းတွေကိုလည်း မုန်းတယ် ဖဲချပ်တွေကို လှပစွာကစားနေတတ်သည့် မေမေလက်တွေကိုလည်း မုန်းပါ၏ ဖဲနိုင်လို့အောင်ပွဲခံအော်ရယ်နေတတ်တဲ့ ဖေဖေရယ်သံတွေကိုလည်း မကြားချင်သလို ရှုံးလို့အော်ဟစ်သောင်းကျန်းနေသည့် အသံတွေကိုလည်း မကြားလိုပါ မုန်းတယ် မုန်းတယ်   မုန်းတယ် အဲဒါတွေကို မြင်ရ  ကြားရတိုင်း ကျွန်မရင်ထဲမှာ တဆစ်ဆစ်နာကျင်နေရတယ် အဲဒီဖဲချပ်တွေဟာ ကျွန်မအတွက်တော့ မကောင်းဆိုးဝါးတွေပါပဲ ကျွန်မအတွက်  အချိန်တွေကို ခိုးယူသွားသည့် ငတက်ပြားတွေပဲ ကျွန်မမှာ အကုသိုလ်တွေ အရမ်း များပြားနေပြီ အထီကျန်ခြင်းတွေ အကုသိုလ်တရားတွေကိုပဲ ဘာလို့လက်ဆောင်ပေးနေရတာလည်း အဖေနဲ့ အမေရယ် အချိန်မပေးနိုင်ဘဲ ကျွန်မဆိုသည့် လူသားတစ်ဦးကို လောကကြီးထဲကို ဘာကြောင့်များ ခေါ်ဆောင်ခဲ့ရတာလဲ ကျွန်မ နားမလည်တော့ဘူး အဲဒီနားမလည်သည့် စိတ်တွေနဲ့  ကျွန်မစိတ်တွေ အရမ်းကို ရှပ်ထွေးနေပါပြီ ရှုပ်ထွေးမှု့ရဲ့နောက်ကွယ်က ဖြစ်ပေါ်လာမယ့် အကျိုးရလာဒ်တွေက ရလာဒ်ကောင်းတော့ ဖြစ်လာမှာ မဟုတ်လောက်ဘူးနော်
ခံစားချက်တွေကို ဋီကာချဲ့နေစဉ် တစ်စုံတစ်ရာက သတိပေးလာ၏ ဒီခံစားချက်တွေကို ခဏမေ့ပြီး ဆယ်တန်းစာမေးပွဲအတွက် ပြင်ဆင်သင့်ပြီ နားထဲတွင် အသံတွေ ဆူညံနေတယ် နားတွေကို ယောင်းရမ်းပိတ်လိုက်မိ၏ အသံတွေ ရုတ်ချည်းပျောက်ကွယ်သွားကြလေ၏် မည်သည့်အသံမှ မကြားရတော့ဟု စိတ်ထဲမှ ခံစားမိလိုက်တယ် တခါတရံ ကြားညှပ်ဝင်ရောက်လာသည့် နာကျင်ခြင်းတွေကို ဇွတ်မေ့နေရတဲ့ ဒုက္ခသည် အင်မတန်ကြီးလေးလှ၏   မခံစားချင်တော့ပါ ထာဝရ မေ့ထားချင်၏ ဒါပေမယ့် မေ့လို့မရဘူး ကျွန်မရှိနေသည့် နေရာတိုင်းမှာ နာကျည်းရမည့် ပုံရိပ်လွှာတွေက ရှိနေခဲ့သည်ကို အချိန်တိုင်း ကျောင်းတက်လို့ ရရင် ကျွန်မကျောင်းတက်နေချင်မိပါ၏ အိမ်ဆိုသည်မှာ ကျွန်မ အတွက် ပျော်စရာ မကောင်းသောနေရာ တစ်ခုသာ ဖြစ်နေခဲ့၏  
မိုးလင်းမှာကို  စိုးရွံ့နေသူတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်နေခဲ့ပါကောလား မနက်ဖြန်ဖြေဆိုရမည့် စာမေးပွဲ အတွက် ခံစားမှု့တွေကို ခေတ္တမေ့ခွင့်ပြုပါ  ။စာမေးပွဲရက်တွေ အတွင်း အိမ်က ထမင်းချက်ဒေါ်ကြီးရဲ့ ဂရုစိုက်မှု့  ကားမောင်သည့် ဘကြီးရဲ့ အချိန်မှန် လိုက်ပို့ အားပေးမှု့တွေကို ခံယူရင်း ခက်ခဲပါတယ် ဆိုသည့် စာမေးပွဲကြီးကို ကျွန်မ တာဝန်ကျေကျေ ဖြေဆိုနိုင်ခဲ့ပါ၏ ။စားမေးပွဲဖြေပြီး ပြန်လာသည့် သမီးတစ်ယောက်ကို ၀တ်ကျေတန်းကျေ ဖြေနိုင်လားဆိုသည့် မေးခွန်းလေး မေးဖို့တောင် တခါခါ ဖေဖေတို့ မေမေတို့ မေ့လျော့နေတတ်ကြပြန်တယ် ဒီနေ့ စာမေးပွဲနောက်ဆုံးနေ့ ကို ကျော်ဖြတ်ခဲ့ပြီ ကားမောင်းသည့် ဘကြီးကို မနက်ထဲက လာမကြိုဖို့ မှာထားခဲ့၏ ကျောင်းဝန်းထဲက ထွက်နေသော ကျွန်မခြေလှမ်းတွေက အိမ်ကို ပြန်ဖို့ အတွက် အသက်မပါဘူး ဖြစ်နေတယ် အသက်မပါသည့် ခြေလှမ်းတွေကို ဦးတည်ရာမဲ့ လျှောက်နေမိပြန်တယ် အိမ်ကို မပြန်ချင်ဘူး ဟုတ်ပြီ အိမ်မပြန်ချင်တော့ နင်ဘယ်ကို သွားနေတာတုန်း စိတ်ကတွေးနေသော်လည်း ခြေလှမ်းတွေကတော့ ရပ်တန့်ခြင်း မရှိကြပါ   ခြေထောက်တွေက ဦးတည်ရာကို သိနေသည့်အလား ခပ်မှန်မှန်လေး လှမ်းလို့နေလေ၏

*ခြေထောက်လေးတွေ မင်းတို့ ဘယ်ဆီကိုများ ဦးတည်နေကြသလည်းကွယ်   ငါကို ဖြေပါအုံး *

ခြေထောက်တွေက ပြန်ဖြေတယ်

*အချိန်တန်ရင် သိရမှာပေါ့*
မဟုတ်သေးပါဘူး သိစိတ်တွေက ခြေထောက်တွေကို ထိန်းဖို့ ကြိုးစားနေမိပါတယ် ။သို့သော် မသိစိတ်က ဇွတ်အတင်းဆွဲခေါ်ဆောင်နေကြပြန်တယ် သိစိတ်နဲ့ မသိစိတ် လွန်ဆွဲနေသည့်ကြား  နာကျင်ခြင်းက မသိစိတ်ဘက်သို့ စစ်ကူပေးလိုက်ချိန်မှာတော့ ကျွန်မဦးတည်ရာက မသိစိတ်တစ်ခုရဲ့ ခေါ်ဆောင်ရာနောက်သို့ ထပ်ကြပ်မကွာလိုက်ပါသွားလေတော့၏် သိစိတ်ရဲ့ နောက်ဆုံး နောက်ဆုံးအကြိမ် တားဆီးသံတွေ နား၏အကြားအာရုံထဲသို့ ၀င်ရောက်လာကြပြန်တယ်  
*နင်ဘာတွေ လုပ်နေတာလည်း ဘယ်တွေသွားနေတာလည်း မှားနေပြီနော် နင်ခြေထောက်တွေကို အချိန်မှီရပ်တန့်လိုက်ပါ *
မသိစိတ်ရဲ့ စွဲဆောင်မှု့ကအားကောင်းနေတာမို့ ကျွန်မသွားနေသည့် ဦးတည်ရာလမ်းကြောင်းကို ရပ်တန့်လို့ မရခဲ့ပါ
*မဟုတ်ဘူး နော် မဖြစ်သင့်ဘူး နောက်ဆုတ်လိုက်ပါ နင်မသွားသင့်ဘူး နင်ပြန်လာလိုက်ပါ*
သိစိတ်က ဘယ်လောက် အသံကုန်ဟစ်နေနေ  ကျွန်မခြေလှမ်းတွေ ရပ်တန့်ခြင်းအလျဉ်းမရှိခဲ့ပါ ဟော ခြေလှမ်းတွေ ရပ်တန့်သွားကြပြီ နောက်ဆုတ်လို့ ရပ်တန့်ခြင်း မဟုတ်ဘဲ ဦးတည်ရာကို ရောက်ရှိလို့ ရပ်တန့်သွားခြင်း မျိုးပါ

*ဘာများကူညီပေးရမလည်း ကလေး*

ကျွန်မကိုမေးနေပြီ ထိုမေးခွန်းကို ဖြေဖို့အတွက် ကျွန်မနှုတ်ခမ်းတွေ  ရုတ်တရက် ဆွံအကုန်ကြ၏ ကျွန်မ ဖြေရတော့မယ်   ဒီနေရာကို လာခဲ့ပြီးမှတော့ ကျွန်မ ဖြေရတော့မှာပေါ့ တခါလောက် အစွန်းစုံထိ မိုက်မဲခြင်းကို ခွင့်ပြုပေးပါ ဖေဖေ နဲ့ မေမေ

*ဟုတ်ကဲ့ ကျွန်မ သတင်းလေးတစ်ခု ပေးချင်လို့ပါ *

ဆက်ပြောဖို့ အတွက် အားအင်တွေ မဲ့သွားပြန်၏ တံထွေးတစ်ချက်မျိုချကာ ရှေ့ဆက်ပြောဖို့  အားမွေးလိုက်ပါတယ်

*ခြံနံပတ် ( xxx )   xxx လမ်းမှာ က ဦး xxxx အိမ်မှာ ဖဲဝိုင်းနေ့တိုင်းရှိနေတယ်ဆိုတာကို သတင်းလာပေးတာပါ *

ပြောပြီးတာနဲ့ နောက်ကြောင်းကို ပြန်လှည့်မကြည့်ဘဲ တစ်ဟုန်ထိုး ပြေးထွက်လာခဲ့မိတယ် ကျွန်မဘာတွေ လျှောက်လုပ်ခဲ့မိပြီလဲ အမှားကြီး တစ်ရပ်ကို ကျူးလွန်မိပြီလား ဟင်အင်း မသိဘူး အကြိမ်ကြိမ်တောင်းဆို ခဲ့ဘူးတယ်လေ ဂရုမှ မစိုက်ခဲ့ကြတာ သားသမီးဆိုတာ မိဘကို ဆုံးမခွင့် ထောက်ပြခွင့် မရှိဘူးလို့ ဖေဖေက ပြောခဲ့ဘူး၏ ဟုတ်ပါတယ် ဖေဖေ။ ဒီအတွက် ဆုံးမခွင့်ရှိသူတွေကို တိုင်ကြားလိုက်ခြင်းဟာ သမီး မှားသွားလားဟင်
ဘယ်ရောက်မယ်မှန်းမသိတဲ့ လမ်းတွေကို ဆက်လျှောက် ဆက်လျှောက်ရင်း ဘယ်ဆီကိုရောက်လာမှန်းမသိတော့ပါ လျှောက်ရလွန်းတာမို့ နာကျင်လာတဲ့ ခြေထောက်တွေက နားဖို့ အသိပေးလာ၏ ထိုအခါမှ ကျွန်မရောက်ရှိနေသော နေရာအား သေချာကြည့်လိုက်မိ၏ ဘုရားရှင်၏ မေတ္တာရိပ်အောက်သို့ ရောက်နေခဲ့ပြီပဲ သုတ်ခနဲ ၀င်လာသောမြောက်လေက  ကျွန်မရင်ထဲက အပူတွေကို ခဏတာ ငြိမ်းအေးသွားသယောင် သီလရှင် ကျောင်းတိုက်အတွင်းသို့ ဖြည်းဖြည်းလျှောက်လာရင်း ဓမ္မာရုံအတွင်း သို့ ၀င်ရောက်ခဲ့၏ ၀တ်ရွတ်နေသော ဆရာလေးများ၏နောက်နားတွင် ၀င်ထိုင်လိုက်ရင်း ကိန်းဝပ်စံပယ်တော်မူသော မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအား ရိုသေမြတ်နိုးစွာဖြင့် ရှိခိုးပူဇော်လိုက်ပါ၏ အမောပြေထိုင်နေရင်း အတွေးလေးတွေက ခေါင်းထဲသို့ ၀င်ရောက်လာကြပြန်တယ်
ဖေဖေ နဲ့ မေမေက ကျွန်မကို သူတို့ထားခဲ့တဲ့ ဘ၀ထဲမှာ ကျင့်သားရနေပြီလို့ ထင်မြင်ယူဆခဲ့ကြတယ် တကယ်တမ်းကျတော့ ကျွန်မက ကျင့်သားရနေသူ တစ်ယောက်မဟုတ်နေခဲ့ဘူးလေ လိုချင်တာတွေ ဖြစ်ချင်တာတွေ အများကြီး ရှိနေခဲ့တဲ့သူပါ သားသမီးတိုင်း ရသင့်ရထိုက်သော မေတ္တာ အကြင်နာ ဂရုစိုက်နာ ဆိုတာတွေကို  မဖြစ်မနေ ရယူ ပိုင်ဆိုင်ချင်သည့်စိတ်တွေဖြင့် ပူလောင်ခံစားနာကျင်နေရသူတစ်ဦးပါ နောက်ဆုံးတော့  အရာအားလုံးဟာ ကျွန်မရဲ့ ရယူလိုမှု့ အတ္တများ၏ ဆွဲခေါ်မှု့နောက်လိုက်ရင်း အမှားတွေဖြစ်ခဲ့ရလေပြီ သမီးဆိုး သမီးမှိက် တစ်ယောက်အဖြစ် မိဘတွေ၏ မုန်းတီး နာကြည်းခြင်းတွေကို ခံရတော့မယ် တော်ရုံလူမလုပ်သော အလုပ်တစ်ခုအား လုပ်ခဲ့လေပြီ
 သီလရှင်ဆရာလေးတို့ဆီမှ ပျံ့လွင့်လာသော  တရားသံတို့သည် ပူလောင်နေသော   အရာအားလုံး မေ့သွားမိတယ် ။တင်းကျပ်နေသော စိတ်တွေအား ဖြေလျော့လွတ်ချလိုက်ပါ၏ ကျွန်မစိတ်တွေ အတော်အတန် ပေါ့ပါးခွင့်ရသွားတယ် ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ ယခုချိန်ကစပြီး ကျွန်မဘ၀၏ တည်ငြိမ်မှု့ ၊ အားထားရာ အစစ်မှန်ကို ရှာဖွေရမယ် ။ ဘ၀ကို အကောင်းဆုံးနဲ့ အတည်ငြိမ်ဆုံး ရှေ့ဆက်ရမယ် ။ စိတ်ကို ငြိမ်အောင်ဖမ်းပြီး တွေးလိုက်တာနဲ့ အစစ အရာရာ အေးချမ်းသွားပါတယ် ။ ငြိမ်းချမ်းသွားတဲ့ စိတ်အစဉ်က ကျွန်မဘ၀ရဲ့ အနာဂတ်ကို လမ်းညွှန်နေပါပြီ ။ ငြိမ်းချမ်း၊နွေးထွေးမှုတို့ကို ထာဝရပေးစွမ်းနိုင်တဲ့ ဖေဖေ နဲ့ မေမေရဲ့ မေတ္တာတရားတွေကို အေးချမ်းရာနေရာလေးကနေ စောင့်မျှော်နေပါရစေ ။ ဖေဖေက နေမင်းကြီးဆို မေမေကလမင်းကြီးအဖြစ် သမီးဘ၀ထဲမှာ ထာဝရ ထွန်းလင်းတောက်ပပေးနိုင်ကြပါစေလို့ ဆုတောင်းရင်း………………………………………။

ခိုင်လေး  ( ရွှေတောင် )






No comments:

Post a Comment