Monday, November 17, 2014

သတ္တိရှိခြင်း ကနေ အားမာန်တွေကို မွေးဖွားယူခဲ့သူ



သတ္တိရှိခြင်း ကနေ အားမာန်တွေကို မွေးဖွားယူခဲ့သူ
ခိုင်လေး ( ရွှေတောင် )

နေ့လည်ခင်းလေး တစ်ခုရဲ့ အမှတ်မထင် တွေ့ဆုံမှုလေးဟာ ခုချိန်ထိ ကျွန်မအသိထဲ စွဲမြဲစွာ ရှိနေခဲ့ရ၏ ။ ဘာကြောင့် စွဲမြဲနေခဲ့သလည်းဆိုရင် လေးစားမှု တစ်ခုကြောင့်ပေါ့ ။ ဘ၀ခရီးတစ်ဆစ်ချိုးမှာ
အကြောင်းကြောင်း တွေကြောင့် မိမိတို့ ကိုယ်လက်အင်္ဂါတစ်ခုခုကို စွန့်လွှတ်လိုက်ရတဲ့
သူတွေမှာ စိတ်ဓာတ်နှစ်မျိုး ရှိနေတတ်ကြတယ် ။ ပထမတစ်မျိုးက မိမိတို့လဲကျမှုကို အားငယ်စွာ လာထူပေးမယ့် သူတွေကို စောင့်မျှော်ကာ ၀မ်းပန်းတနည်း ငိုနေကြတဲ့ လူမျိုး ။ ဒုတိယတစ်မျိုးကကြတော့ မိမိတို့ လဲကျမှုကို ကုန်းရုန်းထပြီး လိုရာပန်းတိုင်ရောက်အောင်အားတင်းလျှောက်လှမ်းတတ်ကြတဲ့ လူမျိုးရယ်ဆိုပြီးနှစ်မျိုးနှစ်စားရှိပါတယ် ။ ကျွန်မ မြင်တွေ့ခဲ့ရတဲ့ လူသားကတော့ ဒုတိယ လူအမျိုးစားထဲမှာ ပါဝင်တဲ့သူတစ်ဦးပေါ့ ။ ထိုသူနဲ့ တွေ့ဆုံခဲ့ရတဲ့ အဖြစ်ပျက်လေးမှာ ယခုအချိန်ထိ ကျွန်မရင်ထဲတွင် အမှတ်တရရှိနေခဲ့ရတယ် ။ အားအင်မဲ့သွားမိချိန်တိုင်း ထိုဆုံတွေ့မှု့လေးအား ပြန်လည်မြင်ယောင် ကာ အားပြန်မွေးမိ၏  

တစ်သက်လုံး ၀ှီးချဲတစ်ခုပေါ်မှာ ဘ၀ကို ကုန်ဆုံးစေရမယ့် လူတစ်ယောက် ဖြစ်လင့်ကစား ဘ၀ပြေးလမ်းပေါ်မှာ ရတဲ့ နည်းနဲ့ လျှောက်လှမ်းနေတဲ့ လူတစ်ယောက်ကို ကျွန်မ မထင်မှတ်ဘဲ တွေ့ဆုံခွင့်ရခဲ့တယ် ။အဲဒီနေ့ကရုံးထဲမှာ အလုပ်လုပ်နေရင်း ဗိုက်ဆာလာတာမို့ တစ်ခုခုဝယ်စားရန် ရုံးရှေ့သို့
ထွက်လာခဲ့မိတယ် ။ အဆင်သင့်တယ်ပြောရမှာပဲ ။ ရုံးရှေ့မှာ ရွှေရင်အေးတွန်းလှည်းကို
တွေ့လိုက်ရ၏ ။ ရွှေရင်အေးသောက်ရန် လှည်းနားသို့ ချဉ်းကပ်လိုက်ချိန် ကျွန်မရင်ကိုထိစေ
တဲ့ မြင်ကွင်းလေးတစ်ခုကို မြင်တွေ့ခွင့်ရခဲ့ပါတယ် ။ ရွှေရင်အေး ရောင်းသူမှာ ဦးလေးကြီးနဲ့
အန်တီကြီး နှစ်ယောက်ပါ ။ ထူးဆန်းနေတာက ဦးလေးကြီးက ၀ှီးချဲလေးပေါ်မှာ ထိုင်ကာ
မုန့်တွေကို ပြင်ပေးနေပါ၏ ။ အန်တီကြီးကတော့ ဘေးကနေ လိုတာလေးတွေလုပ်
ပေးနေတယ် ။တကယ့်ကို မောင်တထမ်းမယ်တစ်ရွက်ပါပဲ ။ တစ်ယောက်နဲ့ တစ်ယောက်
စာနာတဲ့ အကြည့်တွေနဲ့ ကြင်နာမှု အပြုံးတွေကို တန်ဆာဆင်ထားပါသေးတယ် ။ ယော
ကျာင်္းဖြစ်သူကလည်း ငါဒုက္ခိတ ဆိုပြီး ရေသာခို မနေပါ ။ တကယ့်ကို အားမာန်အပြည့်နဲ့ဘ၀ကို အရှုံးမပေးသူတစ်ဦးပါပဲ ။
သူတို့ဇနီးမောင်နှံ အသက်ကို ခန့်မှန်းကြည့်ရမယ်ဆို ငါးဆယ်ကျော်လောက်တော့ ရှိပါလိမ့်မယ် ။ ချစ်ဖို့လွယ်သလောက် တည်မြဲဖို့ မလွယ်သူတဲ့ အနေထားကိုသူတို့ဇနီးမောင်နှံက အံ့တုကာ ချစ်စေမြဲစေ ဆိုတာကို လက်တွေ့ သက်သေတည် နေသလိုပါပဲ ။ ရဲရင့်တဲ့စိတ် အားမာန်အပြည့်နဲ့ ဘ၀ကို ချီတက်နေသူပါ။ ကိုယ်က ခြေတစ်ဖက်မသန်သူဆိုပြီး အားငယ် အလိုမကျမှု ဆိုတာမျိုးတွေ အဲဒီဦးလေးဆီမှာ ရေးရေးမျှ မတွေ့ရပါ။ လေးစားမှုတွေနဲ့ ငေးနေမိတဲ့ ကျွန်မကို အန်တီကြီးက

* သမီးလေး ဘာယူမလဲ *
ဆိုတဲ့ မေးသံကိုကြားလိုက်မှ သတိပြန်ဝင်လာမိပါတယ် ။ စားချင်တဲ့ ရွှေရင်အေးကို မှာလိုက်ပါ၏ ။ လက်ထဲကို မုန့်ပွဲလေးရောက်လာပြီး စာပြီးတဲ့အထိ လှည်းလေးနားက မခွာချင်သေးပေ ။ သူတို့ဇနီးမောင်နှံအကြောင်းကိုသိချင်နေမိ၏ ။ ကျွန်မရင်ထဲကို မြင်သွားဟန်တူတဲ့ အန်တီကြီးက အလိုက်သိစွာ စကားဆိုလာပါတယ် ။


* သမီးလေး ကြည့်ရတာ သမီးဦးလေးကို စိတ်ဝင်စားနေပုံရတယ် *

* ဟုတ် ပါတယ် အန်တီ ။ ဦးလေးက ၀ှီးချဲပေါ်ရောက်နေတာတောင် သူစိတ်တွေက ကြံ့ခိုင်
လိုက်တာနော် *

* ဟုတ်တယ် သမီး ။ ဦးက လွန်ခဲ့တဲ့ ငါးနှစ်လောက်က ကားအက်ဆီးဒင့် တစ်ခုကြောင့် သူ့ခြေထောက် တစ်ဖက်ကို ဖြတ်ပစ်လိုက်ရတယ် ။ ဟိုးအရင်ထဲက သူက ဒီအလုပ်ကို လုပ်ပြီး အန်တီကို အိမ်မှာဘဲ နေခိုင်းခဲ့တာ။ အန်တီတို့မှာ သားသမီးလည်း မရှိဘူး ။ သူဒီလိုဖြစ်သွားတော့ အန်တီအတွက် ရွှေတောင်ကြီး ပြိုသွားသလို ခံစားခဲ့ရတယ် ။ ဒါပေမယ့် အန်တီထင်သလို မဟုတ်ဘဲ သူက အန်တီအတွက် ထာဝရ ရွှေတောင်ကြီးအဖြစ် ရပ်တည်ပြခဲ့တယ်လေ ။သူကပြောတယ် ။ ကောင်းကင်က အပ်တစ်ချောင်းနဲ့ လူ့ပြည်က အပ်တစ်ချောင်း လာရောက်ထိသည်ရှိစေဦး လူ့ဘ၀ကိုရဖို့ကျ ထိုထက်ပင်ခက်ခဲစေတယ်တဲ့ ။ ရခဲတဲ့ လူ့ဘ၀မှာ လူဖြစ်တုန်းမှာ ဒီလောက်အခက်ခဲလေးကို ထိုင်ပြီး စိတ်ညစ်နေဖို့ မလိုဘူးတဲ့လေ။ တက်ကျိုးရင် လက်နဲ့လှော်။ ဒီနေရာရောက် ဒီ က ကွက်နဲ့က ဟိုနေရာရောက်တော့ ဟို က ကွက်နဲ့ က ပေါ့လို့ ပြောပြတယ် ။ သမီး ဦးက သိပ်ကို စိတ်ဓာတ်ခိုင်မာတဲ့ လူတစ်ယောက်လေ*

သူ့မန်းမပြောပြနေသည်ကို ငေးကြည့်နေသည့် ထိုဦးလေးအကြည့်တွေထဲမှာတင် အားမာန့်အပြည့်ပါနေ၏ ။ အခြေအနေက ပေးတဲ့ အသိကို အသုံးချနိုင်တဲ့ အသိဖြစ်အောင် ကြိုးစားပြောင်းလဲနိုင်ခဲ့သူတစ်ဦးပါပဲ ။ ကိုယ်ဘ၀ ချော်လဲမှုကို ရပ်နိုင်အောင် အားမွေးနိုင်သူ တစ်ဦးပါ ။ မိမိကိုယ်မိမိ ယုံကြည်ခြင်းဆိုတာ အောင်မြင်သူအတွက် ပထမဦးဆုံးသော သော့ချက် ကို မိမိရရ ဦးလေးကြီးက အသုံးချတတ်ခဲ့သူတစ်ဦးပေါ့ ။ Courage = သတ္တိရှိခြင်း ကနေ အားမာန်တွေကို မွေးဖွားယူခဲ့သူ ဦးကို လေးစား အတုယူမိပါတယ် ။ အန်တီက လှည်းလေးကို တွန်းပြီး ဦးလေးကနောက်ကနေ ၀ှီးချဲလေး နဲ့ ကိုယ်အားကိုယ်ကိုး ကာလိုက်ပါသွားတဲ့ ဇနီးမောင်နှံရဲ့ လေးစားစရာကောင်းတဲ့ စိတ်ဓာတ် ခိုင်မာမှုတွေကို အကြိမ်ဖန်များစွာ ဦးညွှတ်မိလျက် ရှိပါတော့၏ ။
https://ci3.googleusercontent.com/proxy/8CBWEZYl_gju-O0mEKjDNw0Eh_qIbYUu1oZBKfZqOypmLO1gU9NfBBUnKK5HrwoN-VKG8iQn_PvQpZDlbxq0IwVL9dQOy_HcGJ0=s0-d-e1-ft#https://mail.google.com/mail/u/0/images/cleardot.gif

No comments:

Post a Comment